ကြွက်သားအတက်မြန်စေဖို့ ဒါတွေကို ဂရုစိုက်စို့
Gym ကစားတဲ့ အမျိုးသားအများစုအတွက်တော့ ကြွက်သားမြန်မြန်တက်ဖို့က အရေးကြီးတဲ့ Goal တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် တချို့တွေမှာတော့ Gym မှန်မှန်သွားပြီး လေ့ကျင့်ခန်းတော့ လုပ်ပါလျက်နဲ့ ကြွက်သားမတက်ဘဲ အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်နေကြတာကို တွေ့ရပါတယ်။
ကြွက်သားတက်ဖို့ ဘာတွေလုပ်ပေးရမလဲ?
ကြွက်သားအုပ်စုဟာ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တဲ့အတွက် အချိန်ကာတစ်ခု ကြာမြင့်နိုင်တယ်ဆိုတာကိုတော့ အရင်ဆုံးသိထားရမှာဖြစ်ပါတယ်။ မျိုးရိုးဗီဇ၊ ခန္ဓာကိုယ်အချိုးအစားတွေဟာလည်း ကြွက်သားတည်ဆောက်နိုင်တဲ့ အရှိန်ကို အများကြီး သက်ရောက်မှုရှိတဲ့အတွက် Gym စတင်ကစားတော့မယ်ဆိုရင် ကိုယ့်ရဲ့ Metabolism ၊ အသက်အရွယ်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ စတာတွေကို သေချာတိုင်းတာပြီး ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် Target က ဘာလဲဆိုတာကို နည်းပြဆရာနဲ့ တိုင်ပင်ရမှာဖြစ်ပါတယ်။
ဒါတွေအားလုံးပြီးမှပဲ ကိုယ့်အတွက် အကိုက်ညီဆုံးဖြစ်မယ့် လေ့ကျင့်ခန်းတွေကို နည်းပြဆရာနဲ့အတူ လေ့ကျင့်ပေးရင်း ခန္ဓာကိုယ်ကြွက်သားတွေကို ပုံသွင်းတည်ဆောက်ယူရမှာပါ။
ကြွက်သားတက်မြန်စေဖို့အတွက် ကိုယ့်ဘက်ကနေ လုပ်ပေးလို့ရတာဆိုရင် -
၁။ ကြွက်သားတွေကို အနားပေးပါ။
ကြွက်သားထုတည်ဆောက်ဖို့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားမျှင်တွေ ဆုတ်ပြဲသွားပြီး ခန္ဓာကိုယ်က ဒါကို ပြုပြင်ဖို့နဲ့ ကြွက်သားမျှင်အသစ်တွေကို တည်ဆောက်ဖို့ ဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်ဖို့ဆိုတာ ကိုယ်က ကောင်းကောင်းအနားယူနေမှပဲ ဖြစ်မှာပါ။
၂။ အစာအာဟာရ မျှတပါစေ။
ကြွက်သားတည်ဆောက်တဲ့နေရာမှာ အာဟာရမျှတတဲ့ အစားအစာတွေ စားဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ကြွက်သားတက်မြန်စေဖို့ ပရိုတင်းဓာတ်၊ ကယ်လိုရီဓာတ်၊ ကျန်းမာစေတဲ့ အဆီဓာတ်နဲ့ ကစီဓာတ်တွေကို များများစားသုံးရင်း တခြားဗီတာမင်နဲ့ သတ္တုတွေကိုလည်း အစုံအလင် စားပေးသင့်ပါတယ်။
၃။ အိပ်ရေးဝပါစေ။
ကြွက်သားတက်မြန်ဖို့ အိပ်ရေးဝဝအိပ်ပြီး ကောင်းကောင်းအနားယူမှပဲ ဖြစ်မှာပါ။ ဒီအတွက် ခန္ဓာကိုယ်အချိုးအစား သေချာပြောင်းလဲမယ်လို့ စိတ်ဆုံးဖြတ်ပြီးရင်တော့ ညဘက်အကဲလွန်တာတွေ၊ ညမအိပ်ဘဲ ရုပ်ရှင်ကြည့်တဲ့ အကျင့်တွေကို စပြီးဖျောက်သင့်ပါပြီ။
၄။ များများလှုပ်ရှားပေးပါ။
ခန္ဓာကိုယ်က ကြွက်သားတက်မြန်ဖို့အတွက် ဒီကြွက်သား၊ အရိုးအဆစ်တွေကို အသုံးပြုပေးဖို့ လိုပါတယ်။ ဒီအတွက် တစ်နေရာတည်းမှာ အကြာကြီးထိုင်နေတာ၊ လှဲနေတာမျိုး မလုပ်ဘဲ ပုံမှန်လေ့ကျင့်ခန်း မလုပ်တဲ့အချိန်မှာတောင် ကိုယ့်ခန္ဓာကိုယ်ကို များများ လှုပ်ရှားပေးနေသင့်ပါတယ်။
၅။ လေ့ကျင့်ခန်းကို မျှတအောင်လုပ်ပေးပါ။
ယောက်ျားလေးတွေရဲ့ သဘာဝ Gym ဆော့ပြီဆိုရင် ရင်အုပ်ကိုပဲ ဦးစားပေးဆော့တတ်ကြပေမယ့် ခန္ဓာကိုယ်ရဲ့ ကြွက်သားအုပ်စုအားလုံးကို အညီအမျှ Train ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ်ကြွက်သားတိုင်းက လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သူ့နေရာနဲ့သူ အထောက်အပံ့ပေးနိုင်သလို Balance ဖြစ်စေဖို့လည်း ကူညီပေးတဲ့အတွက် တစ်မျိုးတည်းကိုပဲ ဒိုင်ခံမလုပ်ဘဲ မျှမျှတတလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
၆။ လေ့ကျင့်ခန်းကို ထိရောက်အောင် လုပ်ပါ။
Gym ဆော့ပြီး ကြွက်သားမတက်သူတွေအများစုဟာ လေ့ကျင့်ခန်းကို မှားယွင်းတဲ့အနေအထားနဲ့ လုပ်နေတာ၊ ညှစ်ထုတ်တဲ့ ကြွက်သား မှားနေတာ၊ စနစ်မကျတာကြောင့် အကြိမ်ရေများပြီး မထိရောက်ဘဲ အချိန်ကုန်၊ လူပင်ပန်းဖြစ်တာပဲ အဖတ်တင်တာပါ။ ဒီအတွက် နည်းပြဆရာနဲ့ ကိုယ်ဆော့ရမယ့် ကြွက်သားအုပ်စုနဲ့ လိုက်ဖက်ညီတဲ့ လေ့ကျင့်ခန်းအမျိုးအစားကို နည်းမှန်လမ်းမှန်နဲ့ ကစားပေးသင့်ပါတယ်။
ကြွက်သားတက်မြန်ချင်တဲ့ အမျိုးသားတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပြီး ဂရုစိုက်ပေးစေချင်ပါတယ်ခင်ဗျာ။ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲပစ်ဖို့ဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်နိုင်တာမဟုတ်ဘဲ ဖြည်းဖြည်းချင်း စိတ်ရှည်ရှည်နဲ့ ပုံသွင်းယူရတဲ့အပြင် နည်းစနစ်မှန်ကန်မှုဟာလည်း တစ်စိတ်တစ်ပိုင်းလိုအပ်တာကြောင့် ကိုယ့်ဘက်က သေချာပြင်ဆင်ပြီးမှ အကောင်းဆုံးရလဒ်ထွက်စေဖို့ ကြိုးစားသင့်ပါတယ်။
ရဲမျိုးမြတ်